x
သွားဆေးခန်း

သွားဆေးခန်း မှာ ဆရာဝန်တွေကို ပွင့်ပွင့်လင်းလင်းပြောပြသင့်သော အကြောင်းအရာများ

သွားဆေးခန်း (Dental Clinic) တွေမှာ တချို့လူနာတွေက သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အမှန်အတိုင်း မပြောပြကြပါဘူး ။ အဲ့ဒီလို အချက်အလက်အမှားတွေက ကုသမှုတွေကို အများကြီး အနှောက်အယှက်ပေးနိုင်သလို လူနာကိုလည်း အန္တရာယ် ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ဒီနေ့တော့ သွားဆေးခန်းရောက်ရင် မဖြစ်မနေ အမှန်အတိုင်း ပြောပြသင့်တဲ့ အချက်လေးတွေကို ပြောပြလိုက်ပါတယ်ခင်ဗျာ ။

Dental Clinic

(၁) မိမိမှာရှိတဲ့ ရောဂါမှန်သမျှကို ပြောပြပါ။

သွားဘက်ဆိုင်ရာ ဆရာဝန်က "ဘာရောဂါတွေများရှိပါသလဲ" ဆိုတဲ့ မေးခွန်းမှာ ဒီအကြောင်းကို အမှန်အတိုင်း ပြောပြပါ ။ ဥပမာ ဆီးချို ရှိတဲ့ လူနာကို ဆီးချိုတက်နေတာ မသိပဲ သွားနူတ်မိရင် သွေးတွေ တရဟောထွက်တာ ၊ သွေးမတိတ်တာ ၊ အနာမကျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တချို့လူတွေကျ သွေးတိုးရှိရင် သွားနူတ်မပေးဘူးလို့ အမှတ်မှားထားကြတယ်နဲ့ တူပါရဲ့။ လူနာက သွားနူတ်ချင်တာကြောင့် သွေးတိုးမရှိပါဘူး လို့ ညာတယ် သူလည်း သွားနူတ်ခံချင်ရှာတာကိုး... ။ သွေးပေါင်ချိန် ချိန်လေ့မရှိတဲ့ ဆရာဝန်နဲ့တွေ့လို့ကတော့ သွေးတွေ ထိန်းမနိုင် သိမ်းမနိုင် ထွက်လိုက်မယ့် ဖြစ်ခြင်း။ အစာအိမ်ရောဂါရှိတဲ့သူတွေလည်း ပြောရပါမယ် ။ အစာအိမ်ရောဂါ ရှိတဲ့သူတွေဟာ အကိုက်အခဲပျောက်ဆေး တော်တော်များများနဲ့ မတည့်တာမို့ပါ ။ ပန်းနာရင်ကြပ်ရှိတာ ၊ G6PD ၊ ကျောက်ကပ် ၊ အသည်း၊ ကင်ဆာ စတဲ့ ရောဂါတွေ မိမိမှာ ရှိတယ်ဆိုရင် သွားဆေးခန်းကိုရောက်တဲ့အခါ သွားဘက်ဆိုင်ရာဆရာဝန်ကို အသိပေးပါ ။

(၂) ကူးစက်ရောဂါရှိရင် သေသေချာချာပြောပြပါ။

ကူးစက်ရောဂါဆိုတာနဲ့ B ပိုး၊ C ပိုး ၊ HIV ပိုး စတာတွေကို တွဲမြင်ကြမယ် ထင်ပါတယ် ။ ဒီလို ကူးစက်ရောဂါရှိတာဟာ ဆေးခန်းမှာတော့ ရှက်စရာမဟုတ်ပါဘူး။ အခုရောက်နေတဲ့ နေရာက အိမ်ထောင်ဖက်တွေ့နေတာလည်း မဟုတ်ပါဘူး ။ တချို့လူနာတွေကျ ရှက်လို့မပြော ၊ တချို့ကျလည်း သူတို့ကို ကုမပေးပဲ ငြင်းလွတ်မှာစိုးတာ၊ ဂရုစိုက်မခံရမှာစိုးတယ် ပေါ့လေ။ ကူးစက်ရောဂါရှိတဲ့ သူအနေနဲ့လည်း ဆရာဝန်အတွက်၊ ဆေးခန်းက သူနာပြုတွေအတွက် ၊ ဆေးခန်းအကူတွေအတွက် ၊ ဆေးခန်းမှာ ကုသမှုခံယူမယ့် တခြားလူနာတွေအတွက် ကိုယ်ချင်းစာတရားထားပြီး မိမိမှာ ရောဂါရှိတဲ့အကြောင်း ပြောပြပါ။ ကျွန်တော်တို့ကို ရောဂါ မကူးစေချင်ဘူးမလားဗျ။ ကျွန်တော်တို့အနေနဲ့ ဒီလိုလူနာတွေအတွက် တတ်နိုင်သမျှ တခါသုံးပစ္စည်းကို အသုံးပြုမှာဖြစ်သလို ကုသမှုမှာလည်း တခြားလူနာတွေထက် ပိုဂရုစိုက်မှာဖြစ်ပါတယ်။ ပြီးနောက် ကုသမှု ပြီးတဲ့အခါလည်း ဆေးခန်းနှင့် ပစ္စည်းကရိယာတွေကို သေချာ ပိုးသတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိအတွက်၊ အားလုံးအတွက် ဒါလေးကိုလည်း ပွင့်လင်းစွာ ပြောပြပေးပါ။

(၃) မတည့်တဲ့ ဆေးတွေရှိရင် ပြောပြပါ။ သောက်နေကျ ဆေးတွေအကြောင်း ပြောပြပါ။

ဒါလေးကိုလည်း သေသေချာချာ ပြောပြပေးပါ ။ တချို့က ပင်နီဆလင် ၊ ဆာဖာ (ကန့်) ၊ ဘပလက်လိုဆေး၊ အကိုက်အခဲပျောက်ဆေး မျိုးတွေနဲ့ မတည့်ကြပါဘူး ။ မတည့်တဲ့ဆေးတွေက အသက်အန္တရာယ်အထိဖြစ်နိုင်တာမို့ ဂရုပြုပါနော်။ တချို့ကျ ပုံမှန်သောက်နေတဲ့ဆေးတွေနဲ့ သွားဆေးခန်းကပေးလိုက်တဲ့ ဆေးတွေမတည့်တာ ဖြစ်နိုင်လို့ သောက်နေကျဆေးတွေရှိရင် ပြောပြပေးပါ ။ ဥပမာ တချို့သောအခြေအနေကြောင့် သွေးကြဲဆေးတွေ သောက်နေရရင်လည်း တစ်ခုခုခွဲစိတ်တဲ့အခါ သွေးမတတ်နိုင်ပါဘူး။

(၄) မိမိအကျင့်တွေအကြောင်း ပြောပြပါ ။

မိမိက အရက် ၊ ဘီယာ ၊ ဆေးလိပ် မှီဝဲနေတဲ့သူဆိုရင်လည်း ပြောပြပါ ။ ဥပမာ အရက်သောက်ထားတဲ့ လူတွေကို သွားနူတ်ရင် သွေးထွက်တာ များပါတယ် ။ တချို့ဆေးတွေနဲ့ကျ မတည့်ပဲ သေတတ်တာမို့ ဒီအချက်ကလည်း အရေးကြီးပါတယ် ။

(၅) မိမိမှာ ကိုယ်ဝန်ရှိနေရင်ပြောပြပေးပါ ။

အမျိုးသမီးတွေအတွက် တကယ်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။ သွားရောဂါကုသမှုတော်တော်များများဟာ Surgery (ခွဲစိတ်ကုသ) ရတာ များပါတယ် ။ဒါကြောင့် ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် ဘယ်နှစ်လရှိပြီဆိုတာ ဆရာဝန်ကို သေချာပြောပြပါ။ နို့စို့တဲ့ ကလေးငယ်ငယ်လေးရှိရင်လည်း ပြောပြပေးပါနော်။


ကိုယ်ဝန်ဆောင်တွေရဲ့ သွားကျန်းမာရေးကိုတော့ အသေးစိတ်ဖော်ပြခဲ့ပြီးဖြစ်လို့ အောက်မှာပေးထားတဲ့ Link လေးတွေကနေ ဖတ်ကြည့်နိုင်ပါတယ် ။
"ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ကျန်းမာရေးမေးခွန်းများ "
https://m.facebook.com/story.php?story_fbid=156934975014975&id=116778065697333

" ကိုယ်ဝန်ဆောင်ခြင်း နှင့် သွားကျန်းမာရေး "
https://m.facebook.com/story.php?story_fbid=203687490339723&id=116778065697333

(၆) မိမိရဲ့ အခုအခြေအနေကို ပြောပြပါ ။

မိမိခံစားနေရတဲ့ အခြေအနေကို သေချာပြောပြပါ။ ဆရာဝန်က သေချာစစ်ဆေးကြည့်ရူတာကို လက်ခံပါ။ ဆွေးနွေးပါ။ ဆရာဝန်ထံမှ အကြံဉာဏ်ရယူပါ။ မိမိကျေနပ်မှသာ ကုသမှုစတင်ပါ။ ဒီအခြေအနေမှာ ကြောက်တတ်ပါက ကြောက်နေတဲ့အကြောင်းကိုလည်း ဆရာဝန်ကို အသိပေးလို့ရပါတယ်။ ကုသပြီးပါကလည်း ဆောင်ရန်ရှောင်ရန်ကိစ္စများ ၊ လိုက်နာရမယ့် အခြေအနေများ ကိုသေသေချာချာ မေးလာပါ ။
အိမ်ရောက်လို့ တစ်ခုခု မမှတ်မိတော့တဲ့အခါဖြစ်ဖြစ် ၊ မရှင်းမလင်းဖြစ်နေတဲ့ အကြောင်းကိစ္စပဲဖြစ်ဖြစ် မိမိသဘောနှင့် မိမိမဆုံးဖြတ်ပဲ မိမိပြခဲ့တဲ့ဆေးခန်းကို ဖုန်းဆက်ပြီး မေးမြန်းပါ။

ကဲ ဒါဆိုရင်တော့ သွားဆေးခန်းရောက်တဲ့အခါ ဘယ်အချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြရမလဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်နော်။


အားလုံး သွားနှင့်ခံတွင်းရောဂါများကင်းရှင်းဖို့ ဆန္ဒပြုလျက် ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။


ဒေါက်တာ မျိုးမြင့်အောင်
Trusted Dental Blog
#YourMYOE
#YourDentist 
#သွားနှင့်ခံတွင်းကျန်းမာရေး

 

Clinic Address

Our clinic is located 369 complex center,beside Ibis Styles Stadium, Corner of Laydaungkan and Waizayanta Road , Thingan Gyun Township and only five-minutes walk from Thuwana Stadium.

369 Laydaungkan Road 11071 Inside the Car Park of ibis Styles Yangon Stadium Hotel Yangon 11071
+959 400 949 491